37th Birthday

25 Aug 2024 မှာ ၃၇ နှစ်ပြည့်ပါတယ်။
မွေးနေ့ဆုတောင်း အိမ်ကလူတွေနဲ့ အလုပ်ထဲက မိတ်ဆွေတချို့ဆီကနေ ရတယ်။
အိမ်ကလူတွေဆိုလို့ အဖေနဲ့ ကိုယ့်နှမ အငယ်ဆုံးပါပဲ။
အလုပ်ထဲကလူတွေကတော့ မုန့်ဝယ်ကျွေးထားလို့ မှတ်မိနေကြတာ။
မွေးနေ့ အမှတ်တရ သွေးသွားလှူမယ် အစောကြီးကတည်းက တွေးထားပေမယ့် မလှူဖြစ်လိုက်ဘူး။ နေမကောင်းဖြစ်နေလို့၊ ရာသီတုပ်ကွေးပဲ ထင်တယ်။ မအီမသာဖြစ်နေတာ လေးငါးရက် ရှိပြီ။ တကယ်ဖျားတာတော့ နှစ်ရက်လောက်ရှိမယ်။ ဆေးခန်းသွား ဆေးထိုးဆေးသောက်မှပဲ သက်သာတော့တယ်။ အခုတလော သိပ်ကျန်းမာရေး မကောင်းဘူး။ ကျန်းမာရေးက တဖြည်းဖြည်း ပိုပိုပြီး မကောင်းလာတာလို့ ပြောရမယ်။ လောလောဆယ်တော့ သွေးတိုး၊ သွေးချို၊ အာရုံကြော တွေကို ဖိုက်နေရတုန်းပဲ။ သွေးတိုး သွေးချို က ဘယ်တော့မှ မပျောက်မယ့် ရောဂါပေမယ့် ပျောက်အောင်နီးပါး လုပ်လို့ရပါတယ်။ လွယ်တော့ မလွယ်ဘူးပေါ့။
အစကတော့ ဘာအပင်မှ မစိုက်တော့ဘူး တွေးပေမယ့် (ကိုယ်က စိုက်သေ အဖွဲ့က ဆိုတော့) လှည်းတန်းစင်တာရောက်တော့ lucky bamboo ပင်လေးတွေ့လို့ သိပ်ဂရုမစိုက်လည်း ရှင်မယ်ထင်လို့ ဝယ်လာခဲ့တယ်။ ဆရာဦးဝင်းဖေ ရဲ့ ဝတ္ထုတိုစာအုပ်တွေ့လို့ ဝယ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် ပြန်ပေးတဲ့ မွေးနေ့လက်ဆောင်ပဲ ဆိုပါစို့။ ဝယ်ဖြစ်တဲ့စာအုပ်တွေ အများကြီး ပြီးအောင် မဖတ်ဖြစ်တာတွေလည်း အများကြီး။ အခုတော့ စာအုပ်တွေကို အချိန်ပေးပြီး ပြီးအောင် ဖတ်ဖို့ လုပ်နေပါတယ်။
(Updated: Lucky Bamboo က တနှစ်ကျော် (တနှစ်နဲ့ နှစ်လ) နီးပါး အသက်ရှင်လိုက်တယ်။ နိုဝင်ဘာ ၂၂ ၂၀၂၅ စနေနေ့ ကတော့ အပင်လေးနှစ်ပင်ပဲ ကျန်လို့ လွှင့်ပစ်လိုက်ပြီ)