ရန်ကုန်နှင့် ၁၅ နှစ်
၂၀၁၁ ဇူလိုင်၂၁ ရက်နေ့က ရန်ကုန်ကို အလုပ်လုပ်ဖို့ရောက်တာဆိုတော့ မနက်ဖြန် ၂၁ ရက် ဇူလိုင် ၂၀၂၆ ဆို ရန်ကုန်ရောက်တာ ၁၅ နှစ်ပြည့်ပြီ။ လူတယောက်ကောင်းကောင်းအရွယ်ရောက်လို့ရတဲ့အချိန်ကာလတခုပဲ။ ဇူလိုင် ၂၁ ကိုမှတ်မိနေတာက အာဇာနည်နေ့ပြီးတော့ နောက်နှစ်ရက်ဖြစ်လို့ပဲ။
နယ်က အိမ်ကိုတခါတလေပြန်ရင် ရန်ကုန်ဘယ်တော့ ပြန်မှာလဲလို့ လွန်ခဲ့တဲ့ ၁၀ နှစ်ထဲက အမေးခံရတယ်။ ကိုယ်လည်း နယ်မပြန်ဖြစ်တာ ကြာပြီ၊ ပြန်ရောက်ရင် သွားလည်ရမယ့် အမေ့ဘက်ကအမျိုးတချို့ မရှိတော့ပြီ။ ၂၀၁၆ ဒီဇင်ဘာ ၇ ရက်မှာ အမေဆုံးသွားပြီးနောက်ပိုင်း နယ်က အိမ်ကလည်း အိမ်မမည်တော့ပါဘူး။
သည် ၁၅ နှစ်အတွင်းမှာ IT Technician, Systems Administrator, SRE အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့၊ ပြုနေတာပဲ။
ဘာအောင်မြင်သလဲ မေး၊ သာမာန်ပဲလို့ ဖြေရမယ်။ လစာတွေတိုးလာတယ်ဆိုပေမယ့် ကုန်ဈေးနှုန်းက လေးငါးဆ တက်တာဆိုတော့ လစာတိုးတာ ဘာမှမထူးလို့ပဲ ဖြေရမယ်။ အရင်တုန်းကလည်း USD 1000, 1500 ဝန်းကျင်ရှိတဲ့ ဖုန်းကောင်းကောင်းတလုံး ကွန်ပျူတာကောင်းကောင်းတလုံး ချက်ချင်းမဝယ်နိုင်သလို အခုလည်း အရင်အတိုင်းပဲ။ တကယ်တော့ ဖုန်းဈေးကွန်ပျူတာဈေးတွေက တက်ကုန်တာ မဟုတ်ဘဲ ကိုယ်တွေ ငွေဈေးက ကျတာကိုး။ ၂၀၂၆ နှစ်ဦးမှာ AI မှာ RAM, GPU card တွေ တအားသုံးလာလို့ laptop တွေ ဖုန်းတွေရဲ့ ဈေးတက်လာတာလည်း ရှိတယ်။ အခုရသလောက် ၂၀၁၉ ဝန်းကျင်ကသာရရင် လူလတ်တန်းစားအောက်ဆုံးအလွှာလေးတော့ မီဦးမှာပဲ။ ခုတော့ ကိုကြီးငဲရဲ့ "ဝေးပြီ ဘေးဘီ" ပဲ။
ပျောက်ဆုံးသွားတဲ့ မျိုးဆက်တွေ ရှိတယ်။ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတွေ ရှိတယ်။ ဒါက ကိုယ်တွေရဲ့အကြောင်းတွေပေ့ါလေ။
ခက်ခဲတဲ့ကာလတွေမှာ စိတ်ရှည်သည်းခံပါတဲ့။ လိုချင်တာတွေကို ရအောင်လုပ်ရဦးမှာဆိုတော့ အပင်ပန်းခံလိုက်ပါဦးလို့ ကိုယ့်ကိုကိုယ် အားပေးရတယ်။ စိတ်ပျက်အားငယ်တာ မဟုတ်ပေမယ့် သိပ်မကြာခင် နောက်နှစ် သြဂုတ်လဆို အသက် ၄၀ ပြည့်မှာ ဖြစ်မှာအတွက် ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ လိုချင်တာ မရတာ မကြိုးစားလို့ ဆိုတဲ့ အပေါစားမိုတီဗေးရှင်းတွေအတွက်တော့ ကြိုးစားတိုင်းလည်း ရတာမှ မဟုတ်တာလို့ပဲ ပြောချင်တယ်။
