အရောင်၊အဆင်း၊အနံ့ နဲ့ ငယ်ဘဝ
မူကြိုစတက်ရတုန်းက ၃ နှစ်သား၊ ၁၉၉၀ ဝန်းကျင်လောက် ဖြစ်မယ်။ မူကြိုဆိုတာထက် နေ့ကလေးထိန်းကျောင်းလို့ ပြောရင် ပိုမှန်မယ်။ မှတ်မိတာကတော့ အန်တီသိန်းတို့ကျောင်းလို့ ခေါ်တာပဲ။ နေ့ကလေးထိန်းကျောင်းက ငွေလှံထဲမှာ နေဝင်းအောင် လ္ဘက်၊ပဲလှော်ဖိုနဲ့ ခြံခြင်းကပ်လျက်ပဲ။ အဲ့တုန်းက အဖေက ဝန်ထမ်းဆိုတော့ ပြည်တော်သာမှာနေကြတာ။ ရပ်ကွက်အနေနဲ့ ပြောရရင်တော့ တရပ်ကွက်ထဲပဲ။ ၁၈ ရက်ကွက်ထဲမှာပဲ၊ စက်ဘီးနဲ့ ဖြေးဖြေးနင်းရင် အဲ့သည့်နေရာကို ရောက်ဖို့ ၁၅ မိနစ်လောက်တော့ ကြာမယ်။ ဒါက ကြီးမှ မှတ်မိတာပေါ့၊ အမေ့အမွေဆိုင်ခြံက ငွေလှံထဲမှာပဲကိုး။
အဲ့တုန်းက တနေရာရာသွားရင် စီးစရာ စက်ဘီ၊ ဆိုက္ကားးပဲပေါတာ။ ကိုယ့်တီလေး (အမေ့ညီမ အငယ်ဆုံး)က သော်လည်းကောင်း၊ အဖေတို့ကသော်လည်းကောင်း၊ ဆိုက္ကားဆရာတွေကသော်လည်းကောင်း ကိုယ့်လိုက်ပို့ရတာပေါ့။
အနံ့တွေနဲ့ ပတ်သက်ရင် စပြီးမှတ်မိတာ၊ မူကြိုကျောင်းရောက်ခါနီးရင် ရတတ်တဲ့ ရေမြောင်းနံ့နဲ့ ဂျင်း(ချင်း) အနံ့ပဲ။ ဘေးက လ္ဘက်နဲ့ ပဲကြော်ဖိုက ဂျင်း(ချင်း)လည်း ရောင်းတာပေ့ါ။ ကြည့်ရတာ ဂျင်းကို ဆေးတဲ့ ပြုတ်တဲ့ရေတွေကို မြောင်းထဲ သွန်ချပုံရတယ်။ ရေမြောင်းနံ့နဲ့ ဂျင်းနံ့က အမှတ်တရပဲ။ အဲ့သည့်အနံ့ရတိုင်း မူကြိုကျောင်းနား ရောက်သွားသလို ခံစားရတယ်။
ကျောင်းမှာက စာသင်သလား မမှတ်မိပါ။ ကကြီးခခွေး ကို အလွတ်ရွတ်ရတာလား။ abcd ကို အလွတ်ရွတ်ရတာလား မမှတ်မိပါ။ မှတ်မိတာကတော့ အဲ့သည့်ကျောင်းက လူတွေက ကျောင်းသားအားလုံးရဲ့ အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းတွေ၊ ဟင်းတွေကို ဇလုံတခုထဲရောပြီး ကျောင်းသားတွေကို နယ်ဖတ်ခွံ့ကျွေးတာပဲ။ သူတို့လည်းစား ကလေးတွေလည်း စားပဲ။ ပြီးရင် အိပ်ပဲ။ မိဘတွေလည်း သိကြမှာပါ။ မူကြိုကျောင်းက အဲ့လိုပဲ ကျွေးတယ်ဆိုတာ။ ပြီးရင် ဆော့ရတာထက် အိပ်ရတာများတယ်။ သနပ်ခါးဘဲကြားကို ညနေ ပြန်တဲ့အထိ မပျက်စေချင်ဘူး ဆရာမတွေက။
ကိုယ့်အတွက် ပထမဆုံး စိတ်ထဲ စွဲစွဲထင်ထင်မှတ်မိနေတာက ရေမြောင်းနံ့နဲ့ ဂျင်းအနံ့ပဲ။
